ငါးများပြောင်းရွှေ့ရာတွင် အန္တရာယ်အကင်းဆုံးနှင့်စိတ်အချရဆုံးဖြစ်စေခြင်း။

04 မတ် 2026
-
10 minutes

ငါးများပြောင်းရွှေ့ရန် ပြင်ဆင်ရာတွင် ငါးများပင်ပန်းနွမ်းနယ်မှု (Stress) အနည်းဆုံးဖြစ်စေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် စနစ်တကျစီမံချက်ချခြင်းနှင့်လုပ်ဆောင်ခြင်းတို့လိုအပ်ပါသည်။ ငါးသားပေါက်များကို အခြားကန်ထဲသို့ပြောင်းရွှေ့ခြင်း၊ ကန်တစ်ခုနှင့်တစ်ခုအကြားပြောင်းရွှေ့ခြင်း သို့မဟုတ် ခရီးဝေးသယ်ယူပို့ဆောင်ခြင်း စသည်တို့တွင် အဆင့်တိုင်းကို ဂရုတစိုက်ဆောင်ရွက်ရန်အရေးကြီးပါသည်။

မပြောင်းရွှေ့မီ ကြိုတင်ပြင်ဆင်ရန်

  • ငါးများကို မရွှေ့ပြောင်းမီ လက်ရှိကန်အတွင်းရှိအောက်ဆီဂျင်ပမာဏကိုတိုင်းတာပါ။ အောက်ဆီဂျင်သည် (၁) လီတာတွင် (၄) မီလီဂရမ် အထက်ရှိနေမှသာ ငါးများပြောင်းရွှေ့ရန်အသင့်ဖြစ်ပါမည်။
  • ငါးမရွှေ့မီ (၂၄) နာရီအလိုကတည်းက အစာကျွေးခြင်းကိုရပ်ထားပါ။ ၎င်းသည် ပြောင်းရွှေ့စဉ်အတွင်း ငါးများ၏ အောက်ဆီဂျင်သုံးစွဲမှုကိုလျှော့ချပေးနိုင်ပါသည်။ 
  • နေပူရှိန်ပြင်းသောနေ့လယ်ပိုင်းတွင် ငါးများ စိတ်ဖိစီးမှု (Stress) မဖြစ်စေရန် နံနက်စောစောအချိန်တွင်သာ ပြောင်းရွှေ့ပါ။

ငါးများကို စုစည်းဖမ်းဆီးခြင်း

  • ငါးများကို လွယ်ကူစွာဖမ်းဆီးနိုင်ရန်နှင့် မပြောင်းရွှေ့မည့်ငါးများ စိတ်ဖိစီးမှုမရှိစေရန် ငါးများကိုတစ်နေရာတွင် စုစည်းပါ။ 
  • သင်ပြောင်းရွှေ့လိုသော ငါးများကိုသာသီးသန့်ခွဲထုတ်စုစည်းပါ။
  • မပြောင်းရွှေ့မည့်ငါးများကို ရောနှော၍စုစည်းခြင်း သို့မဟုတ် ကိုင်တွယ်ခြင်းမပြုလုပ်ပါနှင့်။
  • သင် ချက်ချင်းလက်ငင်း ပြောင်းရွှေ့နိုင်မည့် အရေအတွက်ကိုသာစုစည်းပါ။
  • ငါးများကိုစုစည်းရာတွင် ညင်သာစွာကိုင်တွယ်ပါ။ ပိုက်ကွန်များ သို့မဟုတ် ငါးအရွယ်အစားခွဲသည့်ကိရိယာများကို အသုံးပြု၍ ငါးများမနာကျင်အောင်ဆောင်ရွက်ပါ။

ငါးများကိုဖမ်းယူခြင်း

  • စုစည်းထားသောငါးများကို သယ်ယူမည့်ပုံး၊ အိတ် သို့မဟုတ် ကန်အတွင်းသို့ပြောင်းရွှေ့ပါ။
  • ငါး၏အရေပြားကို မထိခိုက်စေရန်အတွက် အနားသတ်ကြမ်းတမ်းသောပိုက်များ၊ ဇကာများကိုမသုံးပါနှင့်။ နူးညံ့သောပစ္စည်းများကိုသာသုံးပါ။

ရေတွက်ခြင်း၊ ချိန်တွယ်ခြင်းနှင့်ငါးအရွယ်အစားသတ်မှတ်ခြင်း

  • ငါးပြောင်းရွှေ့သည့်အချိန်သည် ငါးကောင်ရေတွက်ရန်၊ ၎င်းတို့၏ စုစုပေါင်းအလေးချိန် (biomass) ကို ခန့်မှန်းရန်နှင့် လိုအပ်ပါက ငါးဆိုဒ်ခွဲခြားခြင်းလုပ်ငန်းများကို လုပ်ဆောင်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။  
  • ငါးများကို တစ်ကောင်ချင်းစီဖမ်းယူစစ်ဆေးခြင်းသည် မလိုအပ်ဘဲငါးများကို ပိုမိုပင်ပန်းနွမ်းနယ်စေနိုင်ပါသည်။ အခြားနည်းလမ်းတစ်ခုမှာ ငါးများကို သတ်မှတ်ထားသောအမှတ်အသားပါသည့် ပုံးထဲသို့ထည့်၍ တိုင်းတာခြင်း ဖြစ်သည်။ ပုံးအနည်းငယ်စာပြောင်းရွှေ့ပြီးတိုင်း ထိုပုံးထဲရှိငါးများကို တစ်ကောင်ချင်းစီ အလေးချိန်ခြင်တွယ်ခြင်းဖြင့် ပုံးတစ်ပုံးလျှင်ရှိနိုင်မည့် ပျမ်းမျှအလေးချိန်နှင့်ငါးကောင်ရေကိုခန့်မှန်းနိုင်ပါသည်။ ထို့နောက် ရရှိလာသော ပျမ်းမျှပမာဏကို ပြောင်းရွှေ့လိုက်သည့် ပုံးအရေအတွက်နှင့်မြှောက်၍ စုစုပေါင်းပမာဏကို တွက်ချက်နိုင်ပါသည်။ 

ငါးများကိုရွှေ့ပြောင်းခြင်း

  • သယ်ယူပို့ဆောင်မည့် ခရီးအကွာအဝေးနှင့် (အိတ်၊ လှောင်အိမ် သို့မဟုတ် ကန်အတွင်းရှိ) အောက်ဆီဂျင်ရရှိနိုင်မှုအပေါ် မူတည်ပြီး ထည့်သွင်းမည့်ငါးအရေအတွက်ကို ချိန်ညှိရပါမည်။ ယေဘုယျအားဖြင့် ခရီးလမ်းပိုဝေးလေလေ၊ ငါးအရေအတွက်ကို ပို၍လျှော့ထည့်လေလေဖြစ်ရပါမည်။
  • ငါးများကိုရွှေ့ပြောင်းရာတွင် လုံလောက်သောအောက်ဆီဂျင်ရရှိစေရန် သေချာစွာဆောင်ရွက်ပါ။ အိတ်များဖြင့် သယ်ယူပါက ရေနှင့်လေကို တစ်ဝက်စီ (၅၀/၅၀) ထည့်သွင်းနိုင်သည် (သို့မဟုတ် ခရီးဝေးသယ်ယူရန်လိုအပ်ပါက အောက်ဆီဂျင်အစစ်ကို အသုံးပြုရန်အကြံပြုပါသည်)။ ကန်များဖြင့်သယ်ယူပါက လေပေးစက် (Aeration) သို့မဟုတ် အောက်ဆီဂျင်ပေးဝေမှုစနစ်ထည့်သွင်းပါ။ အောက်ဆီဂျင်အစစ်ကိုအသုံးပြုပါက ရေ (၁) ကျုဗစ်မီတာ လျှင် သယ်ယူနိုင်သောငါးကောင်ရေကို ပိုမိုတိုးမြှင့်နိုင်ပါသည်။
  • သယ်ယူပို့ဆောင်နေစဉ်တစ်လျှောက် ရေထဲရှိအောက်ဆီဂျင်ပမာဏကို အောက်စီဂျင်တိုင်းတာစက် (Oxygen probe) ဖြင့်စစ်ဆေးပါ။ အောက်ဆီဂျင်ပမာဏကို (၁) လီတာလျှင် (၄) မီလီဂရမ် အထက် အမြဲရှိနေစေရန်ဂရုပြုပါ။
  • ငါးများကိုပြောင်းရွှေ့နေစဉ်အတွင်း ကိုင်တွယ်မှုအနည်းဆုံးဖြစ်အောင်ဆောင်ရွက်ပါ။ (ဥပမာ - အိတ်များ၊ လှောင်အိမ်များဖြင့်သယ်ယူရာတွင် ပြင်းထန်စွာလှုပ်ခါခြင်းနှင့်ရေလှိုင်းထခြင်းတို့ကို ရှောင်ကြဉ်ပါ)

ကန်သစ်သို့ငါးများထည့်သွင်းခြင်းနှင့်အသားကျစေခြင်း

  • ကန်အသစ်သို့ ငါးများမထည့်မီ ထိုကန်၏အောက်ဆီဂျင်ပမာဏသည် (၁) လီတာတွင် (၄) မီလီဂရမ်အထက် ရှိမရှိ ပြန်လည်စစ်ဆေးပါ။
  • အိတ်များဖြင့်သယ်ယူပါက ငါးအိတ်ကိုအလုံပိတ်လျက်သားအတိုင်း ကန်ရေပြင်ပေါ်တွင် မိနစ် ၂၀-၃၀ ခန့် တင်ထားပါ။ ထို့နောက် အိတ်ထဲသို့ ကန်ရေအနည်းငယ်စီ ဖြည်းဖြည်းချင်းထည့်ပေးပါ။ နောက်ထပ် (၁၅-၂၀) မိနစ်ခန့် စောင့်ပြီးမှ ငါးများကိုကန်ထဲသို့ လွှတ်ပါ။ ဤသို့ပြုလုပ်ခြင်းက ငါးများကို ရေ၏ pH၊ အငန်ဓာတ်နှင့် အပူချိန်တို့နှင့် အသားကျစေပါသည်။

  • ပုံးဖြင့် သယ်ယူပါက သယ်ယူလာသောရေ၏ ထက်ဝက်ကိုဖယ်ထုတ်ပြီး ကန်အသစ်မှရေကို ပြန်လည်ဖြည့်တင်းပေးပါ။ (၁၅) မိနစ်ခန့်စောင့်ပြီးမှ ငါးများကိုကန်သစ်ထဲသို့လွှတ်ပါ။

  • ငါးများကို ပိုက်လိုင်းများဖြင့် လွှတ်မည်ဆိုပါက ပိုက်အတွင်းမျက်နှာပြင်သည် ချောမွေ့နေပါစေ။ ကြမ်းတမ်းပါက ငါးများကိုထိခိုက်စေနိုင်ပါသည်။

  • လူအများထင်ထားသကဲ့သို့ ပြောင်းရွှေ့ပြီးနောက် ငါးများကိုအစာငတ်ထားရန် မလိုပါ။ သယ်ယူစဉ်တွင်သာ အောက်ဆီဂျင်အတွက် အစာဖြတ်ရခြင်းဖြစ်ပြီး၊ ပြောင်းရွှေ့ပြီးနောက်တွင် ငါးများ အင်အားပြန်ပြည့်စေရန် အစာကျွေးရန်လိုအပ်ပါသည်။ သို့သော် ငါးများ၏ အစာစားချင်စိတ် (စားနှုန်း) ကို ကြည့်၍ အနည်းငယ်စီ စတင်ကျွေးရပါမည်။

ငါးများပြောင်းရွှေ့ရာတွင် လိုက်နာရမည့်အချက်များ။

ငါးများပြောင်းရွှေ့ရာတွင်လိုက်နာရမည့်အချက်များ။