မှန်ကန်သောကြက်ခြံသန့်ရှင်းရေးကိုဘယ်လိုလုပ်ဆောင်မလဲ...?

21 ဩဂုတ် 2023
-
15 Mins

one small day old chick is drinking water by nipple.

မှန်ကန်သောကြက်ခြံသန့်ရှင်းရေးကိုဘယ်လိုလုပ်ဆောင်မလဲ။

သန့်ရှင်းခြင်းနှင့်ပိုးသတ်ခြင်း။

သင့်ကြက်ခြံကိုကောင်းမွန်စွာသန့်ရှင်းရေးပြုလုပ်ခြင်းကတစ်ကယ့်ကိုအရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ခုလို့ဆိုနိုင်ပါတယ်။ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပိုးသတ်ခြင်းနှင့်အခြောက်ခံခြင်းတွေဟာ ကြက်ထုတ်ပြီးနောက်တွင်စဉ်ဆက်မပြတ်အမြဲတမ်းလုပ်ဆောင်ပေးနေရမှာပဲဖြစ်ပါတယ်။
အဲ့ဒီလိုမျိုးသေချာအောင်ပြုလုပ်ခြင်းက နောက်ထပ်ထည့်မည့်ကြက်သုတ်အသစ်၏ စွမ်းဆောင်ရည်အပေါ်တွင်ကြီးမားသောသက်ရောက်မှုကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ပြုလုပ်ရမယ့်လုပ်ငန်းစဉ်တစ်ဆင့်ချင်းစီဟာသိပ်ကိုအရေးကြီးပါတယ်။ 

one day old chick is drinking water

စပါးခွံအခင်း။

ကြက်တစ်သုတ်ထုတ်ပြီးနောက် ကြက်ခြံတွင်စပါးခွံအခင်းများကျန်ရှိနေပါမယ်။ 
အဲ့ဒီအခင်းမှာဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ၊ ကပ်ပါးပိုးတွေ (Coccidiosis) နဲ့မှိုတွေ 
တကယ့်ကိုအများကြီးရှိနေပါတယ်။ သုတေသနပြုချက်များအရ အသားတိုးကြက်တွေမှာ
အူလမ်းကြောင်းရောဂါဖြစ်စေနိုင်တဲ့ အူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်တွေဟာ စပါးခွံအခင်းတွေမှာအများကြီးကျန်ရှိနေကြောင်း စမ်းသပ်တွေ့ရှိခဲ့ရပါတယ်။ ထပ်မံမွေးမြူမည့် ကြက်နောက်တစ်သုတ်မရောက်လာမီအချိန်တွင် ကြက်ခြံအတွင်းရှိရောဂါပိုးမွှားများပမာဏကိုသိသိသာသာလျှော့ချနိုင်မှသာနောက်တစ်သုတ်အတွက်ကောင်းမွန်သော အစပျိုးခြင်းကိုရနိုင်ပါလိမ့်မယ်။ ဥပမာအားဖြင့် Gumboro သည်လပေါင်းများစွာရှင်သန်နေနိုင်သည့်အတွက် နောက်ထပ်မွေးမြူမည့်ကြက်အသုတ်အတွက်တော်တော်လေးကိုအန္တရာယ်ကြီးပါတယ်။ 

 

ကြက်ခြံဆေးကြောခြင်းလုပ်ငန်းစဉ်။


(၁) စပါးခွံများကိုရှင်းလင်းဖယ်ရှားခြင်း။
(၂) ရေ၊ ဆပ်ပြာတို့ဖြင့်ဆေးကြောခြင်းသည်တချို့‌ရောဂါပိုးများကိုသေစေနိုင်ပြီး တချို့ရောဂါပိုးများ၏ပြင်းအားကိုလျော့နည်းစေနိုင်ပါတယ်။ ဆပ်ပြာဖြင့်ဆေးကြောပြီးလျှင်ဆေးနှင့်ပြန်ဆေး‌ကြောရန်မမေ့ပါနှင့်။
(၃) ခြံကို ပိုးသတ်ခြင်း။ 
ရေဆေးခြင်းသည်အလွန်အရေးကြီးသကဲ့သို့ပင်ကျန်ရှိသော ဘက်တီးရီးယားများနှင့်ဗိုင်းရပ်စ်ပိုးများကိုပိုးသတ်ဆေးဖြန်းခြင်းဖြင့်ရောဂါပိုးများကျန်ရှိမှုကိုများစွာလျှော့ချစေနိုင်ပါတယ်။

 

ပိုးသတ်ဆေးအမျိုးအစား‌ရွေးချယ်ခြင်း။

သန့်ရှင်းမှုမရှိသောမျက်နှာပြင်များကိုပိုးသတ်ခြင်းသည်လုံးဝထိရောက်မှုမရှိပါ။
ပိုးသတ်ဆေးများ၏ထိရောက်မှုသည်ပတ်ဝန်းကျင်အပူချိန်၊ pH၊ ဘက်တီးရီးယားနှင့်ဗိုင်းရပ်စ်များကိုတိုက်ဖျက်နိုင်မှု စသည့်အချက်များပေါ်တွင်လည်းများစွာမူတည်ပါသေးတယ်။ ပိုးသတ်ပြီးနောက်အနည်းဆုံး (၇) ရက်မှ (၁၄) ရက်အထိခြံကိုကြက်ထပ်မထည့်ဘဲရပ်နားထားသင့်ပါတယ်။ ခြံပေါ်သို့လည်းမည်သူတစ်ဦးတစ်ယောက်မှမတက်ပါစေနဲ့။ ခြံနားခြင်းသည် ဘက်တီးရီးယားနှင့်ဗိုင်းရပ်စ်ပိုးများအရေအတွက်ကို လျှော့ချရန်အတွက်အလွန်ကောင်းမွန်သောနည်းလမ်းဖြစ်ပါတယ်။ ခြံကိုသန့်ရှင်းခြင်းနှင့်ပိုးသတ်ခြင်းကိုကောင်းစွာလုပ်ဆောင်နိုင်ပါက Concidiosis ဖြစ်စေနိုင်သော Oocysts များကိုပါရှင်းလင်းပြီးဖြစ်စေပါတယ်။ နောက်ထပ်ပိုကောင်းတဲ့ နည်းလမ်းတွေကတော့ Chlorocresol ကိုအသုံးပြုခြင်းနှင့် ကြမ်းပြင်ကိုမီးရှို့ခြင်းပါ။ 

 

ဘေးအန္တရာယ်ကင်းရှင်းရေး။ 

အသုံးများသောပိုးသတ်ဆေးများသည် လူကိုအန္တရာယ်ဖြစ်စေနိုင်သည့်အတွက်သန့်ရှင်းရေးနှင့် ပိုးသတ်ခြင်းများကိုဆောင်ရွက်သည့်အခါ မိမိကိုယ်ကိုဘေးကင်းရန်အထူးဂရုပြုပါ။ အသုံးပြုနည်းနှင့် ကာကွယ်ရေးပစ္စည်းများကို အသုံးပြုရန် ထုတ်ကုန်ညွှန်ကြားချက်များအတိုင်း ဂရုတစိုက်သေချာစွာ အသုံးပြုပါ။ မှန်ကန်သောအကာအကွယ်အဝတ်အစားများဝတ်ဆင်ပြီး လိုအပ်သည့်အခါဓါတ်ငွေ့ကာမျက်နှာဖုံးများကိုပါအသုံးပြုရပါမယ်။

 

စစ်ဆေးခြင်း။ 

ခြံနားချိန်တိုင်းတွင်ကြက်ခြံနှင့်ခြံပတ်ပတ်လည်ကို သေချာစွာသန့်စင်ပြီးပိုးသတ်ရပါမယ်။လုပ်ငန်းစဉ်များကိုလည်း မှတ်တမ်းတင်ထားရပါမယ်။ ဒါမှသာ တိရစ္ဆာန်ဆေးကုဆရာဝန်တွေဟာပိုးသတ်ဆေးကို လုံလုံလောက်လောက်အသုံးပြု ထားခြင်းရှိမရှိနဲ့ရောဂါပိုးကျန်ရှိမှုများကိုပါ စစ်ဆေးနိုင်မှာပဲဖြစ်ပါတယ်။ 

 

ရေလိုင်းများကိုလည်းသန့်ရှင်းရန်မမေ့ပါနှင့်။ 

ရေလိုင်းများ၏အတွင်းဘက်တွင် Bioflim ဟုခေါ်သော အညှိများဖြစ်ပေါ်လာတတ်ပါတယ်။ ၎င်း Biofilm များတွင်ဘက်တီးရီးယားနှင့်ဗိုင်းရပ်စ်ပိုးများစွာပါဝင်နေတဲ့အတွက်မိမိမွေးမြူထားတဲ့ကြက်တွေမှာ လတ်ဆတ်သန့်ရှင်းတဲ့ သောက်သုံးရေရဖို့၎င်းကိုတတ်နိုင်သမျှဖယ်ရှားပေးဖို့အထူးအရေးကြီးပါတယ်။ ရေလိုင်းများကိုမကြာခဏဆေးကြောသန့်ရှင်းပေးခြင်း ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်နှင့်အခြားထုတ်ကုန်များကိုပုံမှန်သုံးပေးခြင်းစသည်တို့ဖြင့် Biofilm ဖြစ်ပွားမှုနှုန်းကို ကောင်းမွန်စွာလျှော့ချနိုင်စေပါတယ်။ 

အခြားသောဗဟုသုတများကိုလည်းဖတ်ရှုနိုင်ပါသည်။