ကြက်များတွင်အပူဒဏ်ခံစားရခြင်း။

31 အောက်တိုဘာ 2023
-
15 Mins

ကြက်များတွင်အပူဒဏ်ခံစားရခြင်း။

မွေးမြူရေးကြက်တွေအပူဒဏ်မြင့်မားစွာခံစားရတဲ့အကြောင်းအရင်းများစွာရှိတဲ့အထဲကအဖြစ်များတဲ့အချက်တွေကတော့ 
(၁) နေရာဒေသ
(၂) ခြံတည်ဆောက်ပုံ
(၃) ခြံအကျယ်အဝန်း
(၄) လေဝင်လေထွက်ရရှိမှု
(၅) စိုထိုင်းဆ
(၆) အစာအာဟာရ
(၇) အသက်အရွယ်
(၈) ကြက်အကောင်‌ရေထားရှိမှု
(၉)  ပြုစုစောင့်ရှောက်မှု
(၁၀) ဆေးဝါးအသုံးပြုမှု စသည်တို့ပေါ်တွင်များစွာမူတည်လျက်ရှိနေပါတယ်။ 

မွေးမြူထားသောကြက်များအပူဒဏ်ခံစားရခြင်းရှိမရှိကိုအောက်ပါအချက်အလက်များကိုကြည့်ခြင်းအားဖြင့်လည်းသိရှိနိုင်စေပါတယ်။ 

- ပါးစပ်ဟ၍အသက်ရှူမြန်လာခြင်း။
- အတောင်များဖြန့်ကားထားခြင်း။ (အတောင်ချနေခြင်း)
- အစာစားနှုန်းကျဆင်းခြင်း။
- ရေသောက်နှုန်းမြင့်တက်လာခြင်း။
- ရွေ့လျားသွားလာမှုနည်းပါးပြီး နားချိန်များနေခြင်း။
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများတွေ့ရခြင်း။
- ဦးနှောက်သွေးယိုစိမ့်မှုဖြစ်ပွား၍သေနှုန်းများခြင်း။
- ဥကြက်မများတွင် ကြက်ဥအရွယ်အစားနှင့်အ‌ရောင်အရည်အသွေးကျဆင်းလာခြင်း။ 

 

white broiler chicken in stable standing in the farm.


အပူဒဏ်ပြင်းထန်စွာခံစားရခြင်းမရှိအောင်လုပ်ဆောင်သင့်သည့်အချက်များ။


(၁) ခြံတည်ဆောက်ပုံ

- ခြံကိုအရှေ့အရပ်မှအနောက်ရပ်သို့ အရှည်လိုက်ဆောက်ရမည်။
- ခြံအမိုးကို လေဝင်လေထွက်ကောင်းအောင် နှစ်ထပ်ပုံစံဆောက်ပေးပါ။
- ခြံအမိုးပေါ်တွင်ရေပန်းများတပ်ဆင်၍သော်လည်းကောင်း၊
ခြံအမိုး ကို နေပူခံပြားများ တပ်ဆင်၍သော်လည်းကောင်း ၊ ဓနိ / သက်ကယ် အမိုးများအသုံးပြု၍သော်လည်းကောင်း အပူဒဏ်ခံရမှုကို လျော့နည်းအောင် လုပ်ဆောင်နိုင်သည်။
- ခြံဘေးပတ်လည် တွင် အရိပ်ရအောင် ဖန်တီးပေးရမည်။ (နေထိုးသည့်ဘက်တွင် နေကာဇာအမဲများ တပ်ဆင်ပေးပါ။)
- လေဝင်လေထွက်ကောင်းမွန်အောင် လိုက်ကာစီမံခန့်ခွဲမှုကိုဂရုပြုရမည်။
- လေဝင်လေထွက်ကောင်းမွန်စေရန်ခြံအတွင်းတွင် ပန်ကာများတပ်ဆင်ပေးခြင်းဖြင့် အပူဒဏ်ခံရမှုကိုလျော့နည်းအောင်လုပ်ဆောင်နိုင်သည်။
- အလုံပိတ်လေအေးပေးမွေးမြူရေးခြံများ တည်ဆောက်၍လည်းအပူဒဏ်ခံရမှုကို လျော့နည်းအောင်လုပ်ဆောင်နိုင်သည်။

(၂) ရေနှင့်အစာအာဟာရ 
- အစာကိုထိန်းကျွေးပေးပါ။ (အစာကျွေးချိန်ကန့်သတ်ပေးပါ)
- အစာကိုညလယ် မီးထွန်းကျွေးခြင်းစနစ်ဖြင့်လည်းကျွေးနိုင်သည်။
- အစာစားနှုန်းကောင်းစေရန်အစာတောင့်ကိုရွေးချယ်ကျွေးမွေးသင့်သည်။ သို့သော်အပူပြင်းဆုံးသောအချိန်တွင်အစာကိုမကျွေးသင့်ပါ။နေ့တစ်နေ့၏အအေးဆုံးအချိန်တွင်အစာကျွေးပါ။
- ရေအေးတိုက်ပေးပါ။ ပိုက်တွင်းရေပူနေလျှင်ဖောက်ထုတ်ပစ်ပါ။ ရေဗူးဖြင့်တိုက်ကျွေးပါက မကြာခဏရေလဲလှယ်ပေးပါ။ ရေခဲရေတိုက်နိုင်ပါသည်။( ၁၄ - ၂ဝ ˚C ) 
- ရေစင်များကို အရိပ်ရရှိအောင်ဖန်တီးပေးပါ။
- လိုအပ်ပါက ကြက်ပေါ်သို့ တိုက်ရိုက်ရေဖျန်းပေးနိုင်ပါသည်။
- ပင်ပန်းနွယ်နယ်မှုကို သတိရှိပါ။ ဗီတာမင်စီ (Vit C ) တိုက်ကျွေးပေးပါ။ 
(အခြား အပူဒဏ်ခံဆေးဝါးများလည်းတိုက်ကျွေးနိုင်သည်။) 

ယခုဖော်ပြပေးထားသောအချက်အလက်များကိုလုပ်ဆောင်ပေးခြင်းဖြင့် ကြက်များတွင်အပူဒဏ်ခံရမှုနည်းပါးပြီးထုတ်လုပ်မှုရလဒ်ကောင်းများကိုပိုင်ဆိုင်နိုင်ကြပါစေ။

အခြားသောဗဟုသုတများကိုလည်းဖတ်ရှုနိုင်ပါသည်။