ငါးရောဂါများကိုကာကွယ်ရန်အတွက် လိုက်နာရမည့် ဇီဝလုံခြုံရေးအစီအမံများ
11 မတ် 2026
-
15 minutes
ဇီဝလုံခြုံရေး (Biosecurity) ဆိုသည်မှာ ရောဂါဖြစ်မှကုသခြင်းထက် ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ၎င်းတွင် ပြင်ပမှရောဂါများကန်ထဲသို့ဝင်မလာစေရန်နှင့် ကန်တစ်ခုမှတစ်ခုသို့ ရောဂါမပြန့်ပွားစေရန် တားဆီးပေးသည့်အဆင့်များပါဝင်ပါသည်။ အောက်ပါတို့မှာ ငါးမွေးမြူစဉ်တစ်လျှောက် လိုက်နာသင့်သည့်အချက်များဖြစ်ပါသည်။
အထွေထွေလိုက်နာရန်အချက်များ။
-
အဝင်အထွက်ကန့်သတ်ပါ။
ပြင်ပမှ ရောဂါပိုးမွှားများပါလာနိုင်သဖြင့် မိမိကန်ပတ်ဝန်းကျင်သို့ ဧည့်သည်ဝင်ရောက်မှုကို တတ်နိုင်သမျှ လျှော့ချပါ။ ဝင်ရောက်ခွင့်ပြုပါကလည်း ကန်၏စည်းကမ်းများကို တိကျစွာလိုက်နာခိုင်းပါ။ -
ဖိနပ်သီးသန့်ထားပါ။
ကန်ပြင်ပစီးဖိနပ်နှင့် ကန်ထဲတွင်စီးသည့်ဖိနပ်ကိုသီးသန့်ခွဲထားပါ။ -
ပိုးသတ်ပါ။
ခြံထဲသို့ မဝင်မီနှင့်မထွက်မီ၊ ကန်တစ်ခုမှတစ်ခုသို့မကူးမီ လက်နှင့်ဖိနပ်များကို အမြဲတမ်းပိုးသတ်ပါ။ -
ပစ္စည်းသီးသန့်သုံးပါ။
ရောဂါပိုးများကူးစက်ခြင်းကိုရှောင်ရှားရန် ပိုက်ကွန်များ၊ ပုံးများနှင့်အခြားကိရိယာများကို ကန်တစ်ခုစီအတွက် သီးသန့်စီသတ်မှတ်သုံးစွဲပါ။ -
နေ့စဉ်သန့်ရှင်းရေးလုပ်ပါ။
အသုံးပြုသည့်ကိရိယာအားလုံးကို ပတ်ဝန်းကျင်ကိုမထိခိုက်စေသော ပိုးသတ်ဆေးများဖြင့် နေ့စဉ်သန့်ရှင်းစင်ကြယ်အောင်ဆေးကြောပါ။ -
တိရစ္ဆာန်များ မဝင်အောင် ကာကွယ်ပါ။
ရောဂါသယ်ဆောင်လာနိုင်သည့် ငှက်များနှင့်အခြားတိရစ္ဆာန်များမဝင်နိုင်စေရန် ပိုက်များ သို့မဟုတ် ခြံစည်းရိုးများဖြင့်ကာကွယ်ပါ။ -
ရေဝင်/ရေထွက်ကို စစ်ဆေးပါ။
ပြင်ပမှ ငါးရိုင်းများနှင့်အညစ်အကြေးများမဝင်စေရန် ရေဝင်ပေါက်၊ ရေထွက်ပေါက်များတွင် ဇကာများတပ်ဆင်ပါ။
ငါးမထည့်မီကြိုတင်ပြင်ဆင်ရန်
-
ရေကိုစစ်ဆေးပါ။
ငါးမထည့်မီ ရေသည် သန့်ရှင်းနေပြီး အောက်ဆီဂျင် ပမာဏ လုံလောက်မှု ရှိမရှိကို အရင်စစ်ဆေးပါ။ -
ယုံကြည်ရသောငါးမျိုးကိုသာသုံးပါ။
ရောဂါကင်းရှင်းကြောင်း စစ်ဆေးပြီးသားဖြစ်သော ယုံကြည်စိတ်ချရသည့် ငါးမျိုးရောင်းဝယ်ရေးထံမှသာ ကျန်းမာသောငါးများကိုဝယ်ယူပါ။ -
ကျန်းမာရေးထောက်ခံချက်ကိုကြည့်ပါ။
ကျန်းမာရေးထောက်ခံချက်မပါသော သို့မဟုတ် ရောဂါစစ်ဆေးထားခြင်းမရှိသော ငါးများကို လုံးဝ လက်မခံပါနှင့်။ -
သီးသန့်ခွဲထားပါ (Quarantine)
ငါးအသစ်များကို မူလကန်များထဲသို့မထည့်မီ ရက်အနည်းငယ်ခန့် သီးသန့်ကန်တွင်ထားရှိပြီးစောင့်ကြည့်ပါ။ လှောင်အိမ်ဖြင့်မွေးမြူပါကလည်း အခြားလှောင်အိမ်များနှင့်ဝေးရာတွင် သီးသန့်အရင်ထားရှိပါ။
ငါးမွေးမြူနေစဉ်အတွင်းဆောင်ရွက်ရန်
-
ရောဂါရှိမရှိ ပုံမှန်စစ်ဆေးပါ။
ငါးများ၏အခြေအနေကို အမြဲမပြတ်စောင့်ကြည့်ပါ။ -
ရေအရည်အသွေးကို နှိုင်းယှဉ်ပါ။
ကန်တစ်ခုနှင့်တစ်ခုကြား ရေအရည်အသွေး (အောက်ဆီဂျင်၊ အပူချိန်၊ pH၊ အမိုးနီးယား စသည်) ကွာခြားချက်များကို နှိုင်းယှဉ်ကြည့်ပါ။ ပုံမှန်ထက်ထူးခြားနေပါက ရောဂါဖြစ်တော့မည့် ရှေ့ပြေးလက္ခဏာဖြစ်နိုင်ပါသည်။ -
ငါးအမူအကျင့်ကို ကြည့်ပါ။
ငါးများ စာစားနှုန်း၊ အမူအကျင့်၊ ခန္ဓာကိုယ်ပေါ်ရှိ ဏ်ရာများနှင့် အလုံးစုံကျန်းမာရေးအခြေအနေကို စောင့်ကြည့်ပါ။ -
အင်္ဂါအစိတ်အပိုင်းများကိုစစ်ဆေးပါ။
ငါးနမူနာများကိုဖမ်းယူပြီး ပါးဟက်၊ အရေပြားနှင့်အချွဲများတွင် ကပ်ပါးပိုး ရှိမရှိ စစ်ဆေးပါ။ -
ငါးငယ်များကို ပြန်မထည့်ပါနှင့်။
ငါးမှုန်/ငါးသန်လေးများကို ဖမ်းယူစစ်ဆေးပြီးပါက ကန်ထဲသို့ ပြန်မထည့်ပါနှင့်။ ၎င်းတို့သည် စိတ်ပန်းသွားပြီး ရောဂါကူးစက်နိုင်ခြေ ပိုများသွားသောကြောင့် ဖြစ်သည်။ -
မှတ်တမ်းစနစ်တကျထားပါ။
ငါးအသေအပျောက်၊ ဆေးကုသမှုနှင့် ငါးရွှေ့ပြောင်းမှု မှတ်တမ်းများကို သေချာရေးမှတ်ထားခြင်းဖြင့် ပြဿနာများကို စောစီးစွာ သိရှိနိုင်မည် ဖြစ်ပါသည်။
ငါးများ၏ ဇီဝလုံခြုံရေးဆိုင်ရာလမ်းညွှန်ချက်များ၊ ငါးရောဂါများကိုခွဲခြမ်းစိတ်ဖြာခြင်းများ သို့မဟုတ် ကန်အတွင်းသို့ ငါးထည့်သွင်းရာတွင်လိုက်နာသင့်သည့်အချက်များ အတွက် ကျွန်ုပ်တို့၏ကျွမ်းကျင်ပညာရှင်များနှင့်ဆက်သွယ်လိုက်ပါ။
ဇီဝလုံခြုံရေးဆိုင်ရာ စစ်ဆေးရန်အချက်များ
ဇီဝလုံခြုံရေးဆိုင်ရာစစ်ဆေးရမည့်အချက်များကို အခမဲ့ ရယူပါ။