မွေးဖွားခါနီးဝက်မအားထိန်းသိမ်းစောင့်ရှောက်ခြင်း

21 ဖေဖော်ဝါရီ 2022
-
3 Mins

"မွေးခါနီးဝက်မအား ထိန်းသိန်းစောင့်ရှောက်ခြင်း"

ဝက်မွေးမြူရေးသည် အကျိုးအမြတ်ကောင်းစွာ ရရှိသောစီးပွားရေးတစ်ခုဖြစ်သည်မှာ မလွဲဧကန်ပင်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် မျိုးဝက်မတစ်ကောင်သည် တစ်နှစ်လျှင်နှစ်သားနှင့်တစ်ဗိုက်ရရှိနေခြင်းကြောင့်ဖြစ်သည်။

ဝက်မတစ်ကောင်၏ ကိုယ်ဝန်ဆောင်ကာလမှာ ပျမ်းမျှအားဖြင့် ၁၁၄ ရက်(၃ လ ၊၃ ပတ်၊ ၃ ရက်ကြာမြင့်ပါသည်။ကိုယ်ဝန်ဆောင် ကာလကိုသိရှိမှသာလျှင် မွေးဖွားမည့်ရက်ကို ကြိုတင်ခန့်မှန်းပြင်ဆင်နိုင်မည်ဖြစ်ပါသည်။

ဝက်မတစ်ကောင်အားမွေးခန်းထဲသို့ မထည့်မှီ (၂ပတ် ) အလိုတွင် သန်ချပေးရန်လိုအပ်ပါသည်။မွေးခန်းအား သန့်ရှင်းရေးသေချာစွာလုပ်ဆောင်ပြီး ပိုးသတ်ထားသင့်ပါသည်။ခန်းအတွင်းသို့ မမွေးခင် (၅ -၇ ရက်)လောက်အလိုတွင်ရွှေ့ပြောင်းသင့်ပါသည်။မရွှေ့မှီ ဝက်မအားဆပ်ပြာဖြင့်သေချာစွာဆေးကြောသန့်ရှင်းပေးသင့်ပါသည်။အထူးသဖြင့်ဝမ်းဗိုက်ပိုင်းနှင့် နို့အုံများကိုသေချာစွာသန့်ရှင်းပေးသင့်ပါသည်။ဤကဲ့သို့သေချာစွာသန့်ရှင်းပေးခြင်းဖြင့် ဝက်ငယ်အားဝမ်းပျက်ဝမ်းလျှောစေနိုင်သော ဘတ်စ်တီးရီးယားပိုးများနှင့် သန်လုံးကောင်ဥများဖယ်ရှားနိုင်ပါသည်။

မွေးမည့်ဝက်မအား မမွေးခင်၅-၇ ရက်အလိုတွင် ကိုယ်ဝန်ဆောင်ဝက်မ အစာမှနို့ပေးစာပြောင်းကျွေးသင့်ပါသည်။ထို့အပြင် ဝက်မကြီးအား ဝမ်းမချုပ်အောင် ထားသင့်ပါသည်။အေးမြသောရေ ၂၄ နာရီပတ်လုံးရရှိစေရန် ဆောင်ရွက်သင့်ပါသည်။မွေးခန်းအတွင်း အပူချိန်မြင့်မားပါက အစာစားနှုန်းကျဆင်းစေတတ်ပါသည်။

ထို့ကြောင်ဝက်မကြီး အခန်းတွင်းအပူချိန်သည် (၅၅ -၇၅ ဒီဂရီ ဖာရင်ဟိုက်)ရှိသင့်ပါသည်။လေဝင်လေထွက်ကောင်းစွာရရှိရန် အထူးလိုအပ်ပါသည်။
အကယ်၍ မွေးရက်ကိုမှတ်မထားမိပါက ကိုယ်ဆောင်နောက်ပိုင်းကာလများတွင် ဝက်မ၏ပြောင်းလဲမှုများဖြစ်သော ဝမ်းဗိုက်ပိုင်းကြီးလာမှု၊မတန်ဆာ ယောင်ကားလာမှု၊နို့အုံ တင်းကာလာမှုများကြည့်ပြီး မွေးခန်းပြင်ဆင်သင့်ပါသည်။

မွေးခါနီး ၂၄ နာရီအတွင်း နို့ရည်ကြည်များတွေ့ရတတ်ပါသည်။ထို့နောက် တဖြေးဖြေးနို့ရည်များ ဖြူပစ်လာပါလိမ့်မည်။ဝက်မကြီးသည် ဂဏာမငြိမ်ဖြစ်လာမည်၊ခြံအတွင်းရှိပစ္စည်းများကို ကိုက်ဝါးလာမည်၊ဆီးမကြာခဏသွားလာမည်၊ဝမ်းလည်းမကြာခဏသွားလာမည်။အထက်ပါအချက်အလက်များတွေ့ပါက ဝက်မအားမွေးခြံအတွင်းရွှေ့ပြောင်းသင့်ပါသည်။ ဝက်မတစ်ကောင်သည် ပျမ်းမျှအားဖြင့်မွေးဖွားချိန်(၄-၅နာရီ)ကြာမြင့်နိုင်ပါသည်။

အခြားသောဗဟုသုတများကိုလည်းဖတ်ရှုနိုင်ပါသည်။