Coryza ရောဂါဆိုတာဘာလဲ...?

21 ဩဂုတ် 2023
-
15 Mins

many of layer chicken are caged

Coryza ရောဂါဆိုတာဘာလဲ...?

Coryza ရောဂါဆိုတာကတော့ ကြက်ငှက်များတွင်အလွန်ကူးစက်ပျံ့ပွားတတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ Coryza ဖြစ်ပွားရတဲ့အဓိကအကြောင်းအရာကတော့ Avibacterium paragallinarum ဆိုတဲ့ ဘက်တီးရီးယားတစ်မျိုးကြောင့်ပါပဲ။

ယေဘူဘျအားဖြင့် Coryza ဟာ အသက်ရှူလမ်းကြောင်းအပေါ်ဘက်အခြမ်း (တစ်နည်းအားဖြင့်နှာခေါင်းပေါက်နှင့် Paranasal Sinuses) များကိုအဓိကတိုက်ခိုက်တာပါ။ အထူးသဖြင့်အသက်ကြီးတဲ့တွေမှာအဖြစ်များပြီး ကြက်ငယ်တွေမှာတော့ရာဂါလက္ခဏာအပျော့စားဖြင့်သာတွေ့မြင်ရလေ့ရှိပါတယ်။ ဒီရောဂါဟာ ကမ္ဘာနှင့်တစ်ဝှမ်းတွင်ဖြစ်ပွားလျက်ရှိနေပြီး ဥစားကြက်များတွင် ဥနှုန်းသိသိသာသာကျဆင်းတတ်တာကိုလည်းတွေ့ရှိခဲ့ရပါတယ်။ Coryza သည် Newcastle၊ Bronchitis၊ TRT နှင့ျ Mycoplasma တို့ကဲ့သို့ အခြားသောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါပိုးများနဲ့လည်းဆင်တူနေပြန်ပါတယ်။ E-Coli နဲ့ ORT လိုအဖြစ်များတဲ့ ဘက်တီးရီးယားရောဂါတွေနဲ့တူတူဖြစ်လို့ကတော့မလွယ်ပါဘူး။ တော်တော်အခြေအနေဆိုးနိုင်ပါတယ်။ 


ရောဂါပျံ့ပွားခြင်း။

ဒီရောဂါဟာကူးစက်နှုန်းတအားမြန်ပြီး ရက်သတ္တပတ်နည်းနည်းလေးအတွင်းမှာကို ကြက်ခြံတစ်ခြံလုံးပုံမှန်မဟုတ်တဲ့ပုံစံဖြစ်သွားနိုင်ပါတယ်။ ရောဂါပိုးရှိတဲ့ကြက်တွေဟာ ၎င်းတို့သက်တမ်းတစ်လျှောက်လုံး အဲ့ဒီရောဂါပိုးကိုသယ်ဆောင်ထားနိုင်တာကြောင့် ကြက်များခုခံအားနည်းနေချိန်မှာရောဂါပြန်ဖြစ်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ကြက်တစ်ကောင်နှင့်တစ်ကောင်ကြားတိုက်ရိုက်ထိတွေ့၍သော်လည်းကောင်း၊ ရောဂါပိုးရှိသောကြက်များ၏နှာခေါင်းချွဲတွေဟာ အစာနှင့်ရေများကိုတိုက်ရိုက်ထိတွေ့ခြင်းမှသော်လည်းကောင်းရောဂါကူးစက်ပျံ့ပွားပါတယ်။ ဘက်တီးရီးယားများသည်ကြက်ခန္ဓာကိုယ်၏အပြင်ဘက်တွင်အနည်းငယ်သာရှင်သန်နိုင်သော်လည်း ရောဂါပိုးရှိသောကြက်များတွင်မူ၎င်းတို့၏သက်တမ်းတစ်လျှောက်လုံးတွင်ရောဂါသယ်ဆောင်သူများအဖြစ်ဆက်လက်ရှိနေနိုင်တာကိုကျွန်တော်တို့သတိပြုရပါမယ်။ ပထမတစ်သုတ်မွေးမြူပြီးသောကြက်ခြံများတွင် ရောဂါပိုးရှိခဲ့ပါက နောက်တစ်သုတ်မွေးမြူတဲ့အခါမှာ သန့်ရှင်းရေးသေသေချာချာမလုပ်ခဲ့ဘူးဆိုရင် ဒီရောဂါကအလွယ်တကူပင်ကူးသွားနိုင်ပါတယ်။ ဒါကြောင့်မိမိခြံကိုသာမက ခြံပတ်ဝန်းကျင်မှာပါဒီလိုရောဂါမျိုးဖြစ်ပွားခဲ့ခြင်းရှိမရှိအမြဲသတိပြုရမှာပဲဖြစ်ပါတယ်။ 

 


ရောဂါလက္ခဏာများ။


အဖြစ်အများဆုံး ရောဂါလက္ခဏာတွေကတော့ 
(၁) နှာရည်ယိုခြင်းနှင့်မျက်ရည်များထွက်ခြင်း။
(၂) အစာစားနှုန်းနှင့်ရေသောက်နှုန်းကျဆင်းလာပြီး ကိုယ်အလေးချိန်ကျဆင်းခြင်း။
(၃) ဥထုတ်လုပ်မှုနှုန်းလျော့နည်းလာခြင်း (၁ဝ - ၄ဝ) ရာခိုင်နှုန်း
(၄) ဝမ်းလျှောခြင်း။
(၅) အသက်ရှူသံများပြင်းလာခြင်း (Gurgling) နှင့် သေဆုံးခြင်း စသည်တို့ပဲဖြစ်ပါတယ်။သေဆုံးနှုန်းကတော့ ရောဂါအခြေအနေနဲ့ကြက်၏ကိုယ်ခံအားပေါ်တွင်များစွာမူတည်နိုင်ပါတယ်။ 

 

ရောဂါရှာဖွေခြင်း (Diagnosis)။ 

အထက်တွင်ဖော်ပြထားသောလက္ခဏာများပေါ်တွင်အခြေခံ၍ ပထမဦးစွာရောဂါရှာဖွေခြင်းကိုပြုလုပ်နိုင်သော်လည်း အတည်ပြုချက်ကို Bacteria Culture သို့မဟုတ် PCR စမ်းသပ်မှုဖြင့်ပြုလုပ်သင့်ပါတယ်။


ကုသခြင်း။

ပဋိဇီဝဆေများဖြင့်ကုသခြင်းသည် သေဆုံးမှုနှုန်းလျော့ကျခြင်း ၊ ရောဂါပျံ့နှံ့မှုနှုန်းကျဆင်းခြင်း ၊ အစာစားနှုန်းကျခြင်းနှင့်ဥထုတ်လုပ်မှုနှန်းလျော့ကျခြင်းတွေအတွက်များစွာအထောက်အကူဖြစ်စေပါတယ်။ Vitamin C တိုကျွေးခြင်း (သို့မဟုတ်) ဖြည့်စွက်စာများကိုအစာနှင့်သောက်ရေမှတစ်ဆင့်တိုက်ကျွေးခြင်းသည်ကြက်များအတွက်အထောက်အကူများစွာဖြစ်စေနိုင်ပါတယ်။ 


ကြိုတင်ကာကွယ်ခြင်း။

ကာကွယ်ဆေးအနေဖြင့် လူသိများတာကတော့ Coryza Serotypes (A, B, C) တို့ပါ။ 
ဘယ်လိုပဲဖြစ်ဖြစ် ကာကွယ်ဆေးအများစုကတော့ သူတို့သတ်မှတ်တဲ့စံချိန်စံညွှန်း၊ နိုင်ငံတကာအသိအမှတ်ပြုထားချက်စသည်တို့နှင့် ပိုးမျိုးကွဲများပေါ်တွင်အခြေခံပြီးထုတ်လုပ်ထားကြတာဖြစ်လို့ တတ်ကျွမ်းနားလည်တဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့်တိုင်ပင်ပြီးမှကုသသင့်ပါတယ်ခင်ဗျာ။ 
ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုထိရောက်ပါတယ်။

အခြားသောဗဟုသုတများကိုလည်းဖတ်ရှုနိုင်ပါသည်။