ဇီဝလုံခြုံမှုစနစ်ကဘာကြောင့်အရေးကြီးတာလဲ...?

Dr. Wai Yan Htet (William)

Swine Technician

20 နိုဝင်ဘာ 2023
-
15 Mins

ဇီဝလုံခြုံရေးစနစ်ဆိုတာဘာလဲ...?

ဇီဝလုံခြုံရေးဆိုတာ ပြင်ပမှရောဂါများဝင်ရောက်လာခြင်းနှင့် ရောဂါပျံ့နှံ့ခြင်းကိုတားဆီးကာကွယ်ခြင်းဖြစ်ပါတယ်။ 

ရောဂါပျံ့နှံ့ခြင်းကိုတားဆီးရာမှာ တိရိစ္ဆာန်တကောင်မှနောက်တကောင်သို့၊ မွေးမြူရေးအဆောင်တဆောင်မှနောက်အဆောင်သို့၊ ခြံတစ်ခြံမှနောက်ခြံတစ်ခြံသို့ရောဂါပျံ့နှံ့မသွားအောင် တားဆီးခြင်းဖြစ်ပါတယ်။ 

mens are explaining about biosecurity to a stable pigs.

ဒီတော့ဇီဝလုံခြုံမှုစနစ်က ဘာလို့အရေးကြီးတာလဲ? 

ဇီဝလုံခြုံမှုစနစ်မကောင်းမွန်ပါက မိမိမွေးမြူရေးခြံသို့ရောဂါကူးစက်ဝင်ရောက်နိုင်ပြီး ဝက်များသေဆုံးပါက စီးပွားရေးအရများစွာ ထိခိုက်နိုင်ပါတယ်။ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုမိုကောင်းမွန်ပါတယ်။ ဇီဝလုံခြုံမှုစနစ်ကောင်းမွန်မှသာလျှင် မွေးမြူထားသော ဝက်များအားလုံးရောဂါကင်းရှင်းစေပြီး ဆေးဝါးကုသမှုစရိတ်ကိုလျှော့ချနိုင်မှာပဲဖြစ်ပါတယ်။ 

ဒါ့အပြင်ကျန်းမာရေးကောင်းမွန်သော  ဝက်များကိုထုတ်လုပ်နိုင်သည့်အပြင် မွေးမြူရေးကာလတိုတိုဖြင့်လည်းစျေးကွက်သို့ တင်ပို့ရောင်းချနိုင်မှာပဲဖြစ်ပါတယ်။ 

 

ဒီလိုဆိုခြံမှာဘာတွေပြင်ဆင်ရမလဲ? 

မိမိခြံအဝင်ဝမှာလုပ်ဆောင်ရမည့် အခြေခံကျတဲ့အချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်... 

(၁) ခြံတွင် ပိုးသတ်ဆေးကန်၊ ထုံးထည့်ထားသောခွက်နှင့် ခြေလက်သန့်စင်ရန် နေရာ ထားရှိပါ၊ 

(၂) ခြံအတွင်း လူဝင်/လူထွက် ကန့်သတ်ပါ၊ 

(၃) ခြံအတွင်း အဝတ်အစားနှင့် ခြံအတွင်းစီးရန် ဖိနပ်တို့ကို သီးသန့်ထားရှိပါ၊ 

(၄) ခြံအတွင်းသို့ မဝင်ရောက်မီ ရေချိုးခြင်း၊ အဝတ်အစားလဲလှယ်ခြင်း၊ ဖိနပ်လဲလှယ်ခြင်း နှင့် စနစ်တကျ ဆေးကြောသန့်စင်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းတို့ကို လုပ်ဆောင်ပါ၊ 

(၅) ခြံဧရိယာအတွင်း ဝင်ရောက်မည့် ယာဥ်များ (အစာကား၊ ဝယ်သယ်ယာဥ်) ကိုလည်း ဆေးကြောပြီး စနစ်တကျ ပိုးသတ်ဆေး ဖျန်းပါ။ 

မွေးမြူရေးခြံအတွင်းမှာလည်း လုပ်ဆောင်ပေးရမည့်အချက်တွေကတော့- 

(၁) ဝက် မဝင်ရောက်မီ ခြံအားပိုးသတ်ဆေးဖျန်းခြင်း နှင့် ဂရုတစိုက်ဆေးကြောသန့်စင်ခြင်း၊ 

(၂) မွေးမြူရေးခြံအား လေဝင်လေထွက် ကောင်းမွန်စေရန်နှင့် သန့်ရှင်းခြောက်သွေ့နေရန် ဆောင်ရွက်ခြင်း၊ 

(၃) ဝက်များ စျေးကွက်သို့ ရောင်းချပြီးသည့် အခါမှာလည်း ခြံနှင့် ခြံသုံးပစ္စည်းများအား ပိုးသတ်ဆေးဖျန်းခြင်း၊ စနစ်တကျ ဆေးကြောသန့်စင်ခြင်း၊ 

(၄) မိမိခြံ အတွင်းသို့ ပြင်ပမှ တိရိစ္ဆာန်များ (ခွေး၊ကြက်၊ ငှက်၊ ကြွက်) နှင့် အင်းဆတ်ပိုးများ (ခြင်၊ ယင်) မဝင်ရောက်နိုင်ရန် စီမံဆောင်ရွက်ခြင်း၊ 

(၅) အစာအကြွင်းအကျန်နှင့် ခြံအတွင်း အသုံးမလိုသည့် အရာများအား စနစ်တကျ စွန့်ပစ်ခြင်း၊ 

(၆) ရောဂါပျံ့မှုနည်းစေရန် ကျန်းမာရေးမကောင်းသောဝက်များအား သီးသန့်ခွဲ၍ကုသမှုပေးခြင်း၊ 

(၇) မွေးမြူရေးဝက်များဝယ်ယူ/ရောင်းချသည့်အခါ၌လည်း အားလုံးဝယ်/အားလုံးရောင်းစနစ်အားကျင့်သုံးခြင်း၊ စသည်တို့ပဲ ဖြစ်ပါတယ်။

အခြားသောဗဟုသုတများကိုလည်းဖတ်ရှုနိုင်ပါသည်။
About the author

Dr. Wai Yan Htet (William)

Swine Technician