အလေအလွင့်နည်းသောငါးစာကျွေးနည်း

03 ဩဂုတ် 2023

အလေအလွင့်နည်းသောငါးစာကျွေးနည်း။

ကန်ပိုင်ရှင်တော်တော်များများသိချင်နေကြတဲ့ "ငါးမြစ်ချင်းကန်" တွေအတွက်ရေပေါ်စာကျွေးနည်းလေးကို ကျွန်တော်တို့ဒီဟက်(စ်)မြန်မာမှ ငါးမွေးမြူရေးပညာရှင်တွေက ဝေမျှပေးလိုက်ရပါတယ်ခင်ဗျာ။ ဘယ်လိုတွေကျွေးရမလဲဆိုတာကိုမပြောခင်မှာ လက်ရှိဘယ်လိုတွေကျွေးနေကြသလဲဆိုတာကိုအရင်လေ့လာရအောင်ပါ။ 

 

(၁) လှေဖြင့်ပက်ကျွေးခြင်း။

(၂) တံတားထိုးပြီး တံတားပေါ်မှကြဲ၍ကျွေးခြင်း။

(၃) ဇာပြာများကိုရေပေါ်တွင် လေးထောင့်ပုံစံ (သို့မဟုတ်) အဝိုင်းပုံစံပြုလုပ်ထား၍ကျွေးခြင်း။


စသည်ဖြင့်အမျိုးမျိုးတွေ့ရှိရပါတယ်။အဲ့လိုပုံစံနဲ့ကျွေးတာကမှန်ကန်ရဲ့လား...?။ အတိုင်းအတာတစ်ခုထိတော့မှန်ပါတယ်။ 

အဲ့ဒီလိုကျွေးနည်းတွေက တီလားပီးယားငါးကန်၊ ငါးတန်ကန်၊ ငါးပြေမကန် စတဲ့ငါးမျိုးစိတ်တွေနဲ့ မျိုးငါးကန်တွေ၊ ငါးခူ၊ ငါးကျည်းအစရှိတဲ့ (ငါးမြစ်ချင်းမဟုတ်တဲ့ငါးကန်တွေ) နဲ့ ငါးရိုင်းရှင်းတဲ့ကန်တွေမှာအပေါ်ကပြောထားတဲ့ နည်းလမ်းတွေအတိုင်းကျွးလို့အဆင်ပြေပါတယ်။

ဒါဆိုဘာကအဆင်မပြေတာလဲ....?

ငါးမြစ်ချင်းအုပ်စုဖြစ်တဲ့ ငါးမြစ်ချင်း၊ငါးကြင်း၊ ငါးခေါင်းပွ၊ မြက်စားငါးကြင်း၊ ငါးကြင်းရွှေဝါ အစရှိတဲ့ငါးမျိုးစိတ်တွေကတော့ တခြားငါးတွေနဲ့အစာစားတဲ့ပုံစံခြင်းကွဲ ပြားတဲ့အတွက် ငါးရိုင်းရှိတဲ့ကန်တွေနဲ့ ငါးမျိုးစိတ်တစ်မျိုးထဲမဟုတ်ပဲ ငါး3/4မျိုးလောက်ရောမွေးကြတဲ့ ကန်တွေမှာငါးမြစ်ချင်းပါးစပ်ထဲ အစာရောက်အောင်ကျွေးဖို့ကသိပ်ခက်ပါတယ်။ ကလေးတွေလိုမျိုး လိုက်ပြီးခွံ့ကျွေးနေဖို့ကလည်းမဖြစ်နိုင်ဘူးလေ။ ငါးတွေကိုရောမွေးထားရတဲ့အတွက် ငါးတန်ကဝင်စားသွားလိုက်၊ ငါးခုံးမနဲ့တီလားပီးယားလိုငါးရိုင်းတွေကပြုံပြီးဝင်စားလိုက်နဲ့ဆိုတော့ ကိုယ်ကျွေးချင်တဲ့ငါးမြစ်ချင်းကချက်ချင်းမစားရတော့ပါဘူး။ အခုပြောပေးမှာကတော့ ငါးမြစ်ချင်းအုပ်စုကိုအဓိကမွေးတဲ့ကန်တွေအတွက်ပါ။

နံပါတ်(၁) အရေးအကြီးဆုံးသည်အစာထည့်ကျွေးမယ့် "အစာခြင်း" ပဲဖြစ်ပါတယ်။

အစာခြင်းလုပ်ရမယ့်ပုံစံကကျွေးနေကျအစာခြင်းတွေနေရာမှာ (၃) မတ် (သို့မဟုတ်) (၁) လက်မပိုက်ကွက်ရှိတဲ့ပိုက်တွေကိုသုံးပြီး ရှည်မျောမျောပုံစံအစာခြင်းတွေအစားတိုးပြီးကျွေးတာဖြစ်ပါတယ်။ အစာခြင်းကိုတိုင်နဲ့တွဲချည်တဲ့အခါမှာ ရေမျက်နှာပြင်ပေါ်လျှပ်ရုံလေးထားပြီးလေတိုက်ရင်လွင့်နေနိုင်တဲ့အနေအထားပြုလုပ်ထားရပါမယ်။ ဒါမှ အစာတွေထည့်လိုက်တဲ့အခါအစာရဲ့အလေးချိန်နဲ့အိကျသွားပြီးရေအောက်ကိုလက်နှစ်လုံးလောက်ရောက်နေရင်ရပါပြီ။ နွေရာသီမှာဆိုရင် လက်နှစ်လုံးစာရေဆိုနေတဲ့နေရာမှာရှိနေတဲ့အစာကလွဲပြီးကျန်တဲ့အပေါ်ကငါးစာတွေအားလုံးက ငါးတွေမလာစားမချင်းအခြောက်အတိုင်းရှိနေမှာပါ။ မိုးတွင်းဖက်ကျတော့ရေဆိုနိုင်တာမို့လို့ အစာခြင်းရဲ့အဝနေရာမှာအပိတ်လိုမျိုးလေး ကိုယ့်ဉာဏ်ရှိသလိုထွင်ပြီးချုပ်ထည့်ပေးလိုက်လို့ရနိုင်ပါတယ်။ အစာထည့်ချလိုက်တဲ့အခါ အစာအချို့ကအပြင်ကိုကျွံကျသွားတာမျိုးဖြစ်နိုင်ပါတယ်။ (အဲ့လိုကအမှန်ပါ)

 အဲ့လိုပုံစံမျိုးကျွေးလို့ဘယ်လိုကောင်းကျိုးတွေရမလဲဆိုရင်...

(၁) အစာတိုင်မှာငါးအုပ်လာတိုးမှ အစာတွေကျလာမှာဖြစ်တဲ့အတွက် အစာကိုရေထဲအကြာကြီးထားထားစရာမလိုလို့ အစာထဲမှပါတဲ့ အဟာရတွေ ရေထဲပျော်ဝင်ပြီးဆုံးရှုံးသွားတာမျိုးမရှိဘဲ အစာကျလာတာနဲ့ငါးကချက်ချင်းစားနိုင်ပါတယ်။

 (၂) အောက်ကရေစိုနေတဲ့အစာတွေ ကုန်သွားမှအပေါ်ကအစာအခြောက်တွေကအောက်ကိုဖြေးဖြေးချင်းကျလာမှာဖြစ်တဲ့အတွက် ငါးစားသလောက်ပဲကုန်မှာပါ။ အဲ့တော့အလေအလွင့်နည်းစေပါတယ်။

(၃) ငါးစာတွေကိုကြဲပြီးကျွေးတဲ့အခါငါးရိုင်းတွေကအလုအယက်စားဖို့အခွင့်အရေးပိုရသွားပေမယ့် ခုလိုပုံစံကျွေးရင်တော့ သူတို့ဝုန်းဒိုင်းကျဲ ပြီးအလုအယက်လာစားဖို့ခက်ခဲသွားပါတယ် လုံးဝမစားတာတော့မဟုတ်ပါဘူး စားပေမယ့်သူတို့စားချင်သလောက်စားလို့မရတော့တာပါ။

(၄) ငါးမစားမချင်းအစာတွေကအခြောက်အတိုင်းရှိနေတဲ့အတွက် အစာအလွန်အကျွံကျွေးမိတာတွေ / အများကြီးရေထဲသွန်ထားပြီးကျွေးထားပြီးမှမကုန်လို့အလေအလွင့်ဖြစ်တာတွေမဖြစ်တော့ပါဘူး။

(၅) ကျီးကန်း/ ငှက် လှမ်းစားလို့မရတော့ပါဘူး အဲ့ဒါကြောင့်ရှည်ရှည်ချုပ်ခိုင်းတာပါ သူတို့လှမ်းမနှိုက်နိုင်လောက်မယ့်အနေအထားမျိုးခပ်ရှည်ရှည်လေးချုပ်ထားပါ။

(၆) အစာလွန်မှာစိုးလို့၊ အစာမကုန်မှာစိုးလို့ နဲနဲစီကျွေးပြီး အစာကုန်တိုင်း သွားသွားပြေးထည့်ရတာမျိုးမရှိတော့လို့အလုပ်တစ်ခုသက်သာသွားပါတယ်။ အတိုင်းအတာနဲ့တော့ကျွေးရပါမယ်။ အစာတောင့်ကိုစကျွေးခါစမှာ (၃) ရက်ကနေ (၁) ပတ်လောက်ထိ ကျင့်ကျွေး ပေးရတာမို့လို့ နဲနဲစီကနေတော့စကျွေးပေးရမှာပါ။

(၇) အရင်ကကျွေးနေကျပုံစံဖြစ်တဲ့ အစာတိုင်နဲ့ကျွေးတဲ့ပုံစံနဲ့သိပ်မကွာတာရယ် အစာကျွေးတဲ့ ဧရိယာပြောင်းမသွားတာရယ်ကြောင့်အစာကျင့်ရတဲ့ရက် (ကြာချိန်) က အရမ်းတိုသွားပါပြီ။

ကောင်းကျိုးတွေကတော့ အများကြီးပါပဲ မှတ်ချက်အနေနဲ့တစ်ခုပြောချင်တာက ငါးမြစ်ချင်းအဓိကမွေးတဲ့ကန် (ငါးအကြီးစာ ရေပေါ်စာကျွေးတဲ့ကန်) တွေမှဒီနည်းသုံးပါ ပျိုးကန်လေးတွေက အစာတွေကိုပက်ပြီးတော့ပဲကျွေးတာတာအကောင်းဆုံးပါ။ ကိုယ့်ကန်မှာ ငါးရိုင်းရှင်းလို့တခြားနည်းနဲ့အဆင်ပြေနေတယ်ဆိုလဲဆက်ကျွေးလို့ရပါတယ်ခင်ဗျာ။

ဒီနည်းလမ်းကဘာအတွက်ကောင်းလည်းဆိုတော့ နံပါတ် (၂) ကိုအဓိကပြန်ဖတ်ပေးပါခင်ဗျ။

အခြားသောဗဟုသုတများကိုလည်းဖတ်ရှုနိုင်ပါသည်။